Sunday, August 30, 2009

ဘက်မတူညီသော အမှန်တရား






ကျမနေထိုင်နေတဲ့ လက်ရှိ နိုင်ငံ နှင့် ကျမကြီးပြင် ရှင်သန်လာခဲ့ရာ အရပ်ဒေသတစ်ခု ကြားထဲ ကွဲပြားခြားနားနေတဲ့ အယူအဆတွေ ၊ မတူညီမှုတွေ၊ အမြင်သဘော တရားလေးတွေ မရေတွက်နိုင်အောင် ခြားနားနေတယ် ။ ဒီမတူညီတဲ့ အရာအားလုံးထဲက ရေဆိုတဲ့ အရာလေးတစ်ခုတောင် မယုံနိုင်လောက်အောင် ကွဲပြားခြားနားနေခဲ့ပါတယ်။

ကမ္ဘာကြီး၏ သုံးပုံနှစ်ပုံခန့်ဟာ ရေလွှာထု ဖြစ်နေတဲ့အပြင် နေ့စဉ်နှင့် အမျှ မရှိမဖြစ် လိုအပ်နေသော ရေကို သီးသန့် အဓီပ္ပါယ်ဖွင့်စရာ မလိုအပ်ပေမယ့် အသုံးဝင်ပုံနှင့် အကျိုးသက်ရောက်ပုံချင်းက ရေမြေသဘာဝနှင့် မြေမျက်နှာသွင်ပြင် တည်နေရာအကျယ်အ၀န်းပေါ်တွင့် မှုတည်၍ ကွဲပြားခြားနားလေသည်မှာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်...
ကျမတို့ ရေကို ပေါများစွာ သုံးစွဲခဲ့ကြတယ်။ လိုသလောက် လည်း သုံးခဲ့ကြပါတယ်။ အလျှံအပယ်သုံးခဲ့တယ်။ သို့သော် တခါတစ်ရံတော့ အလွန်ရှားပါးစွာ လိုအပ်ခဲ့သည်မျိုး လည်းကြုံခဲ့ရတတ်ပါတယ်။ ရေပြတ်လတ်မှု ရေရှားပါးမှု ရေကြီးမှု ရေဆာမှု စသည်ဖြင့် ကြုံဆုံချိန်ရောက်တိုင်း အေးစက်ကြည့်လင်နေတဲ့ စမ်းရေလေးတစ်ပေါက်လောက် သောက်ချင်လိုက်တာ ချိုးချင်လိုက်တာ လို့ ဆုတောင်းတတ်ကြပါတယ်။ တဟုန်းဟုန်း ကျဆင်းနေတဲ့ ရေတံခွန်ကြီးအောက်မှာ အေးစက်နေတဲ့ ရေကို မြင်လိုက်ကြားလိုက်ရတဲ့အချိန်မှာ ကျမတို့အမောပြေသွားတာဘဲလို့ စကားဆိုတတ်ကြပါတယ်။ တောနက်ကြီးထဲက အေးစက်နေတဲ့ ကျောက်စက်စမ်းရေ မရှိတဲ့ မြို့ပြမှာတော့ ရေစည်အတွင်းကရေ အုတ်ကန်အတွင်းက လောင်ရေ ရေအေးလေးတွေကို တပ်မက်ကြပါတယ်။

တချိန်ကတော့ ကျမအမေက ရေနွေးလေးနဲချိုးလိုက်ပါအုံး။ ကိုယ်လက်ကိုက်နေတယ်ဆိုရင် … ဆောင်တွင်း ရေနွေးလေး တည်ပြီးချိုးနော် အအေးပတ်အုံးမယ် … အောင်မလေးရေနွေးနဲ့ မချိုးနဲ အတွင်းကအပူတွေ မထွက်ဘူး … ရေအေးလေး လောင်းချိုးလိုက် အပူထွက်လာရင် မအေးတော့ပါဘူး …ဆိုတဲ့ စကားမျိုးတွေနှင့်လည်း ကျမတို့ ရင်နှီး ကြီးပြင်း လာခဲ့ကြပါတယ်။ ဒါတွေကို တရားသေ ယုံကြည်စရာ မှတ်သားစရာ လိုက်နာစရာ ဆိုရင် လူမျိုးတစ်ခု၏ စရိုက် နေထိုင်ရှင်သန်မှုသာဖြစ်ပါတယ်။ မြန်မာနိုင်ငံကဲ့သို့ ရေမြေသဘာဝ နှင့် ရာသီဥတုအတွက် မှန်ကန်နေပါတယ်။ ဒါပေမယ့် ကျမတို့ မြန်မာနိုင်ငံထဲက ထွက်ခွာပြီး တခြားအသွင်မတူညီတဲ့ ပတ်ဝန်းကျင်ကို ရောက်ရှီလာမယ် ဆိုရင် ဟိုအရင်က လက်ခံခဲ့တဲ့ အမှန်တရားတွေ ပြောင်းလှဲသွားပါတော့တယ်၊ အဲဒီအမှန်တရားတွေ ပျောက်ကွယ်သွားပါတယ် ...

ယနေ့ကျမရောက်၇ှိနေတဲ့ အရှေ့အရှေု့အလယ်ပိုင်း ရေမြေ ရာသီဥတု အတွက် သဘာဝကပေးထားတဲ့ ရေ၏တန်းဖိုးဟာ ကျမတို့သိခဲ့တဲ့ ရေ၏တန်းဖိုးနှင့် လုံးဝကွဲပြားလို နေပါတယ်။ ရေတွင်း၊ ရေကန် ၊ မြစ်ချောင်း အင်းအိုင်း ပေါများစွာ ရှီတဲ့ ကျမတို့ မြန်မာပြည်မှာ ရေကို လိုသလောက်ရနေတဲ့ အတွက် တန်းဖိုးမထားတတ်ကြပါဘူး။ ရေတစ်စက် တစ်ပေါက် မလောင်းဘဲ ပေါက်ရောက်နေတဲ့ သစ်ပင်ခြုံနွယ် တောတန်းတွေ သစ်ပင်ကြီးတွေ ပေါက်ရောက်နိုင် တဲ့ မြန်မာပြည်မှာ ရေဟာ မြေကြီးထဲမှာ ပေါများစွာ ရှိနေသလို့ ဒီအရှေအလယ်ပိုင်းဒေသတွေမှာ ရေဟာ ပေါများစွာ ရှိမနေတာ ထူးဆန်းစရာကောင်းပါတယ်။ အစေ့ချတိုင်း အပင်ပေါက်နိုင်တဲ့ မြန်မာပြည်က မြေဆီတွေလိုဘဲ လို့ ထင်လာခဲ့တဲ့ ကျမတော့ ဒီနိုင်ငံမြေကြီးမှာ မြေဆီမြေသား တစ်စတစ်ပဲ့မှ မရှိတဲ့ သဲမှုန်သဲမွှားတွေကို သာ အံသြစွာ တွေရခဲ့သလို့ ။ နီရဲပူလောင်နေတဲ့ မြေလွှာနဲ့ ခြောက်သွေ့ ပူလောင်နေတဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်ဆိုတာ စိန်တစ်ပွင့်ထက်ရှားပါလို့နေပါတယ်။ ဒီနေမြေ ဒီဒေသမှာ ရေဆိုတာ အလွန်တရားရှားပါးနေတဲ့ အဖိုးတန်း ရတနာတစ်ပါးပေါ့ရှင် ။ ကမ်းမမြင်တဲ့ သဲပင်လယ်ဂန္တရ ထဲမှာ ရေတစ်ပေါက် တစ်စက်ဆိုတာ သီကြားမင်းက ဖန်ဆင်းတဲ့ နတ်ဆေးရေပေါ့ရှင်…ဒီရေတစ်ခွက် ရှာမတွေ့ခဲ့လို့ သေဆုံးခဲ့ရတဲ့ သတ္တ၀ါပေါင်းဒုနဲဒေး ရှိခဲ့ပါတယ်…

ဒါပေမယ့် သဘာဝဆိုတာ ပြောမပြနိုင်လောက်တဲ့ ထူးခြားဆန်းကျယ်မှုတွေ ရှိလိုနေပြန်တယ်။သဘာဝတရားက လူသားတို့ အသက်ဆက်နေထိုင်ဖို့ ရေ နှင့် အစားသောက်ကိုလည်း ဖန်ဆင်းပေးထားပါတယ်။ ``အိုအေစစ်´´ ဒီစကားလုံးလေးရဲ့ အတိန်အနက်ကို စကားလုံးတွေနှင့် ဖော်ပြလို့မရနိုင်ပါဘူး။ ကျမ ရှမ်းပြည်၊ ကရင်ပြည် ၊ ပြင်ဦးလွင် လိုနေရာတွေမှာ ရေပူစမ်းတွေကို တွေ့ဖူးပါတယ်။ ထူးဆန်း အံ့သြစရာကောင်းတယ် လိုဘဲ တွေးမိခဲ့ဖူးတယ်။ သိပ်ကို လိုအပ်တဲ့ အသုံးဝင်တဲ့အရာလို့ မတွေးခဲ့မိဘူး။ ဒါပေမယ့် ဂန္တရထဲက အိုအေစစ်ကလေးကိုတွေတဲ့အချိန်၊ ရေငံပင်လယ် ၀ိုင်းဝန်နေတဲ့ ကျွန်းလေးတစ်ကျွန်းထဲက အိုအေစစ်ကလေးကိုတွေတဲ့အချိန်မှာ ထူးဆန်းတဲ့ သဘာဝတရားကို ကျေးဇူးတင်လိုက်ပါတယ်။ ဒီဒေသအတွင်း လူသန်းပေါင်းများစွာအတွက် ရေကိုဖန်းဆင်းပေးနိုင်တဲ့ ခေတ်မှီနည်းပညာတွေကို ကျေးဇူးတင်လိုက်မိတယ်။ မိုးမရှိတဲ့ တိုင်ပြည်က ရေဖြစ်တည်နေမှုအပေါ် အံ့သြမိတယ်။ မိုးပေါ်က အလိုလို ကျလာတဲ့ ရေဖြစ်တည်းမှုကိုဘဲ ကျမတို သိခဲ့တာကို ။ မြေလွှာထဲ ရေတွေ မမြဲ အပြည့်ရှိနေတယ် ၊ တွင်းတူးလိုက်တိုင်း ရေရမယ်ဆိုတဲ့  ယုံကြည့်မှုတွေ ဒီဒေသမှာ မှားယွင်းလို့ နေခဲပါတယ်။

ရေဖြစ်တည်မှုတစ်ခုတည်း လား ဆိုတော့ မဟုတ်သေးပါဘူး …ရေနှင့် လူကြားက ဖြစ်တည်မှုကလည်း အသွင်မတူခဲ့ပါဘူး ကွဲပြားနေခဲ့ပါတယ်.. ပူအိုက်လွန်းတဲ ပတ်ဝန်းကျင် ခြောက်သွေ့လွန်းတဲ့ ရာသီဥတု အရာအားလုံး ပူချစ်တောက်နေတဲ့ အခြေနေမျိုးမှာ လူခန္ဒာကိုယ် အပူချိန် သွေးခုန်နှုန်းဟာလည်း ပြောင်းလှဲလို့ နေပါတယ်။ ဒါကြောင့် လေပူကြား မြေပူကြားမှာ ရေပူပူနွေးနွေးလေးပဲ လူကိုယ်အပူချိန်နဲ လိုက်ဖက်ပါတယ်။ အရိုးအတိပူအိုက်နေတဲ့ နွေခြောက်လအတွင်း ပူချစ်တောက်နေတဲ့ ရေကို အေးအောင် သိုလှောင်ထားပြီး နွေးရုံလေး နွေးနေတဲ့ ရေသာ လူသားတွေ အတွက် သင့်လျှော် ပါတယ်။ တစ်နွေလုံး ပူချစ်တောက်နေတဲ့ရေ နှုင့် နေသားတစ်ကျဖြစ်လာခဲ့သလို့ အေးစက်ကြမ်းတမ်းတဲ့ ဆောင်းတွင်း ပြင်းထန်တဲ့ လေကြမ်းတွေတိုက်တဲ့ အရပ်မှာ ကျောစိမ့်အောင်အေးတဲ့ လေပြင်းဒဏ်တွေအောက် Heater သာမ ရှိရင် ကျမရေချိုးနိုင် မယ်မ ထင် ပါဘူး။ တရားသေ လက်ခံထားခဲ့တဲ့ ရေအေးအေးလေးနှစ်သက်မှုဟာ သုံးနှစ် ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ပြောင်းလှဲသွားပါတယ်။ ဒီအချိန်မှာတော့ ကျမ တောင်ကျ ချောင်းရေ ကို ချိုး ဖို့ ကြောက် ရွံနေတာ အမှန်ပါဘဲ ။ တောင်ကျရေလို အေးစိမ့်စိမ့်ကိုသာ ချိုးရမယ်ဆိုရင် ကျမဖျားမှာသေချာတယ်..ရေစိမ်း ကို ကျမကြောက်တတ်လာခဲ့ပါတယ်…

အထူုးသဖြင့် မြန်မာနိုင်ငံမှ ရောက်လာစလူတွေအတွက် ဒီနိုင်ငံလိုရာသီဥတုဟာ အင်မတန်ဆိုးဝါးတဲ့ ရာသီမျိုးဖြစ်ပါတယ်။ အဆမတန် အေးစက်နေတဲ့ လေအေးပေးစက်တွေနှင့် ပြောမပြနိုင်လောက်အောင် ပူပြင်တဲ့ ရာသီဥတုကြား လူသွေးအသားဟာ ခုပူလိုက် ခုအေးလိုက် မမျှတတဲ့ အရပ်ဒေသမှာ မျှတနိုင်စေတဲ့ အတွေးအခေါ်အယူဆတို့ဖြင့် သဘောတရားအမြင်လေးတွေကို လက်ခံနိုင်ဖို့လိုအပ်ပါလိမ့်မယ်။ ငါအသိ ငါအတ္တ ငါအယူအဆ သာမှန်ကန်၏လို့ တရားသေ သတ်မှတ်ခြင်းဟာ ငါဆိုတဲ့ ပေတံကြောင့် ဖြစ်နေတာပါ။ ငါ့ပေတံ ကို ငါအသိညဏ် ငါအတိုင်းတာနဲ့ ဆုံးဖြစ်ချက်ပြုထားတဲ့ အတွက် မှန်တယ်လို့ မယူဆနိုင်ပါဘူး။ ငါဟာ ငါ့ပတ်ဝန်းကျင်က ဖန်ဆင်းခံတစ်ယောက် သာ ဖြစ်တယ်ဆိုတာ လက်ခံသင့်ပါတယ် ။ ငါ့ပတ်ဝန်းကျင် ကမြင်တဲ့ အမြင်ပဲ ငါ့ဆီမှာ ရှိတယ် ။ ငါ့ပတ်ဝန်းကျင်က သိသလောက်ဘဲ ငါ့ညဏ်က သိတယ်ဆိုတာသာ ရဲရဲဝံ့ဝံ့ လက်ခံနိုင်မယ်ဆိုရင် ငါယုံကြည့်မှုဟာ အမှန်တရားစစ်စစ်ဖြစ်မနေနိုင်သေးပါဘူး ကျမတို လူလောကထဲ ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ဖို့ ကျမတို ပြောင်းလှဲသင့်ရင် ပြောင်းလှဲကြရလိမ့်မယ်..

ကျမ မိတ်ဆွေတစ်ယောက် ဆိုရင် ရေခဲ့ရေပဲ သောက်တယ် ။ ရေအေးအေးလေးပဲ ချိုးတယ် ။ ရေပူဒဏ်လုံးဝမခံနိုင်ဘူးတဲ့ ။ တစ်နေတော့ သူ အပူချပ်ြ့ပီး ဖျားတယ်။ သူအယူဆတွေကိုကြည့်ရင်း လူဆိုတာ နေရာဒေသ ကိုလိုက်ပြီး ပြောင်းလှဲသင့်တာကိုပြောင်းလှဲနိုင်ရမယ်လို့ ကျမနားလည်းလာတယ်။ ရေအေးဆိုတဲ့ တရားသေယုံကြည့်မှုလေးတစ်ခု ကြောင့် ကြီးစွာသော ဒုက္ခကို ခံစားရနိုင်တယ်ဆိုရင် အကယ်၍များ အရာအားလုံးကိုသာ တရားသေ ဖမ်းဆုပ်ထားကြမယ်ဆိုရင် ဖြင့် ရင်လေးစရာတွေ ကြီးဘဲ ဖြစ်လိုနေပါတော့မယ်။ လူတစ်ယောက်ဟာ လိုအပ်သလို့ လိုက်လျောညီထွေတဲ့ ဓလေ့စရိုက်အသွင်ကို ကူးပြောင်းနိုင်မှသာ ကိုယ်ပြည်ကိုယ်ရွာကိုစွန့်ပြီး ကမ္ဘာအရပ်ရပ်ကို သွားရောက်နေထိုင် အသက်ရှင်နိုင်ပါလိမ်မယ်။ ဒါဟာ သင့်ယူခြင်းပါဘဲ။

ဖျားနေတဲ့ ကျမမိတ်ဆွေက ပြောသေးတယ် … ဒီနိုင်ငံကဆေးတွေကို မသောက်ချင်ပါဘူး … ဘာတွေမှန်း လည်းမသိဘူး… ဆရာဝန်တွေကလည်း ဘာမှမတတ်ဘူးတဲ့ … ရှင်တို့ဘယ်လိုမြင်ကြသလည်း… သူပြောတာ တစ်ကယ်ဘဲ မှန်နေသလား…ကျမတိုအဲလိုဘဲ ခေါင်းမာစွာ အယူသေးမှုတွေ ကို လက်ကိုင်းထားသင့်သလား ပြောင်းလှဲသင့်သလားဆိုတဲ့ မေးခွန်းလေး တစ်ခု ကိုယ်တိုင်းမေးကြည့်သင့် ဖြေကြားသင့်တယ်...

Friday, August 14, 2009

အနားမရှိသော အတွေးများ



အဆုပ်လိုက်လှနေတဲ့ တိမ်တွေကိုကြည့်လိုက်
ဦးတည်ရာမဲ့ လွင့်နေတယ်လို့ ထင်တယ်မလား
မဟုတ်ဘူး ဟိုအဝေးက တောင်ကုန်းဆီကို သွားနေကြတာ….
လွတ်လပ်ခြင်းဆိုတာ သူတို့ဆီမှာ ရှိသေးတယ်…

ဟိုမှာ ငှက်တစ်သိုက် ပျံနေတာ တွေတယ်မလား
ထင်ရာစိုင်း ပျံနေတယ်လို ထင်လား သူတို့မှာ ဦးတည်ချက် ရှိကြတယ်...
ကိုယ်အရပ်ကို ပြန်နေကြတာလေ..
သူတို့ဆီမှာ အသင်းအဖွဲ့လိုက် ပျံသန်းနေထိုင်ခြင်း ဆိုတဲ့
လောက သဘာတရားလေး တစ်ခု ကျန်နေသေးတယ်...

ဟိုမှာ မြက်စားနေတဲ့ နွားတစ်အုပ် တွေလား
ဦးနှောက်မရှိတဲ့ အကောင်တွေလို့ ထင်တယ်မလား
သူတို့က ပိုင်ရှင်ကို အလုပ်ကျွေးပြုနေတဲ့ ကျေးကျွန်ကောင်းတွေ
ခေါင်းဆောင်ကို ခေါင်းဆောင်မှန်းသိတဲ့ နောက်လိုက်ကောင်းတွေပါ…

ဟောင်နေတဲ့ ခွေး တစ်ကောင်ကိုတွေလား
အနိမ့်ဆုံး သတ္တ၀ါလို ထင်တယ်မလား
သူတို့ဟာ သခင်ပေါ်သစ္စာအရှိဆုံး သတ္တ၀ါ…

ပန်းချီဆရာတစ်ယောက်သစ်ရွက်လှုပ်သံကို သူကြိုးစား နားထောင် နေတယ်…
ဓါတ်ပုံဆရာတစ်ယောက် ပန်းတစ်ပွင့် အသက်ရှူသံကို ထိုင်စောင့်နေတယ်…
လူဆိုတာ အလှကို ခံစားတတ်သူလို့ ထင်ရတယ်...

ကမ္ဘာကြီး၏ အလှတရားကို ခံစားတဲ့ လူ ဒါပေမယ့်
သူတို့ဟာ ကိုယ်တိုင်လှဖို့ လောကို ဖျက်စီးနေတဲ့ လူမိုက်တွေ
ကမ္ဘာကို ဖျက်စီးမယ့် လူတွေကို မွေးထုပ်ပေးသူ

သစ္စာတရားကို လှောင်ပြောင်သူတွေ
ဦးတည်ချက်မဲ့ လက်နက်ကိုင် ဓါးပြတိုက်တဲ့ သူတွေလေ
ကိုယ့်ချမှတ်တဲ့ ဥပဒေကို ကိုယ်တိုင် မီးရှိုသူတွေ
ကျေးဇူးတရားကို မျက်နှာ ပြောင်တိုက်သူတွေ

လူဆိုတာ ကမ္ဘာကို အတွင်းလိုက် ဖောက်စားတဲ့ လောက်ကောင်
လူဆိုတာ စစ်ကို မုန်းတီးသူဟု အမည်ခံထားသူ
လူဆိုတာ တစ်ကယ်တော့ စစ်ကို ဖန်တီးသူ
တစ္ဆေကြောက်ပြီး ကိုယ်တိုင်တစ္ဆေ ဖြစ်နေသူ
အကြင်နာ တရားကို မီးခွက်ထွန်းပြီး ရှာရင်း ပျောက်နေသူ
သမိုင်းကို အင်အားနဲ့ ရေးသူတွေ
ကိုယ်လူမျိုးသွေးဖြင့် ကိုယ်တိုင်ရေချိုးချင်သူ…
ထိုထိုသော သတ္တ၀ါကို လူဟုသာ ခေါ်သည်။

(မယ်မဒီ)
၁၄.၈.၂၀၀၉

Wednesday, August 12, 2009

အရိပ်





လိပ်ပြာတစ်ကောင် ငါရင်ဘတ်ထဲ ၀င်ပူးတယ်
ဝတ်ရည် မပြည့်တဲ့ ငါနလုံးသားမှာ
စကားလုံးတွေ ခြောက်ကပ်နေတယ်.......

ကဗျာသွေး မတတ်တဲ့ ငါလက်ထဲမှာ
လက်ရာမမြောက်တဲ့ အရိပ်တစ်ခု
မထင်မရှား ပေါ်လာတယ်.......

အို ချစ်သူ
နင်ထုဆစ်ထားတဲ့ ငါ
ပြရုပ်ဆန်နေသော နလုံးသာ မှာ
အနုပညာဆိုတာလည်း ဂန္တာရလိုဘဲ
ခမ်းခြောက်သွားခဲ့ပြီး ထင်တယ်......

ကဗျာတစ်ပုဒ်
သက်ပြင်းရှိုက်သံငါကြားတယ်
ငါ့အရိပ်တွေ ငါ့ကဗျာပေါ် ကျကုန်ပြီထင်တယ်......


( image form art com )

Sunday, August 9, 2009

ဖိတ်စာ လေးတစ်စောင်






ကျွန်တော်ဆီကို မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဖိတ်စာလေး ရောက်လာတယ်။ မင်္ဂလာဆွမ်းကျွေးဆိုလို့ ကျွန်တော် နည်းနည်းတော့ စိတ်ထဲ လေးစားမိသွားတယ်။ ဒီနိုင်ငံမှာ မင်္ဂလာဆောင်ခန်းမတွေက ပိုပြီးမှ အဆင်ပြေနေပါရဲ့သားနဲ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးမယ်တဲ့ ။ဒီကောင် နောက်ဆုံးတော့လည်း မိန်းမယူလိုက်ပြီးပေါ့ လေဟု တွေးကာ ကျွန်တော် အမှတ်တမဲ့ ဖိတ်စာကို မေ့နေခဲ့တယ်။
ကျွန်တော်က အရာအားလုံးကို မေ့တတ်သူ ဖြစ်နေခဲ့တာကိုဗျာ…
(၂)
အဲဒီမနက်ပေါ့ အဲဒီမနက်ခင်းးမှ မနက်ခင်း စစ်စစ် သူငယ်ချင်း တစ်ယောက် ကို လမ်းကြုံဝင်ခေါ်ပြီး မင်္ဂလာဆောာင်ပွဲကို ကျွန်တော်သွားခဲ့တယ်။ နှစ် ပေါင်း များစွာ ၀တ်ကျင့်ပျက်နေတဲ့ ပုဆိုးနဲ့ တိုက်ပုံကို ကျွန်တော် ၀တ် လာရ တဲ့ ဒုက္ခကလည်း မသေးပါဘူးဗျာ... ။ ဒါပေမယ့် ကျွန်တော် မြန်မာပြည်ကိုတောင် လွမ်း မိ တယ်ဗျာ။ အိမ်မပြန်ဖြစ်ခဲ့ နှစ်ပေါင်းများစွာ ဘ၀ကို အဆင်ပြေသလို့ လျှောက်ခဲ့ရတာ အိမ်ဆိုတဲ့ အနှစ်သာရကို ကျွန်တော် မေ့လုလုဖြစ်နေပြီ ။ မြန်မာ ဆိုတဲ့ အတွေးထက် လူသားတစ်ယောက် ဆိုတဲ့ အသိနဲ့ဘဲ ကျွန် တော် က ရပ်တည်နေခဲ့တာကို။ ခုလို့ မြန်မာလို ၀တ် မြန်မာတွေ ရှိတဲ့နေရာ မြန် မာ ၂ ယောက်၏ လက်ထပ်မင်္ဂလာဆောင် လေးကို ဘုန်းကြီး ကျောင်း မှာ ကျင်းပတယ် ဆိုတော့လည်း တစ်မျိုးလေးတော့ နွေးနွေး ထွေးထွေး လေး တော့ ခံစားရတယ်ဗျာ။ ဆူဆူညံညံအသံလေးတွေ ရယ်မောလှောင်ပြောင်သံ လေးတွေ ၊ တစ်ယောက်ကို တစ်ယောက် စနှောက်နေကြတဲ့ အသံတွေ အားလုံးက မင်္ဂလာရှိပါတယ်။ သိပ်ကိုရိုးရှင်းတဲ့ ဒီအခန်းနားမင်္ဂလာ ဆောင် လေးက ဘာအဆောင်ယောာင်လေးမှ မပါဘဲ မိတ်ဆွေများရှေ့ ဘုန်းကြီး ဆွမ်းကပ် မင်္ဂလာယူတာမို ကျွန်တော်တောင် ဘာမှဆိုင် ညာမဆိုင် သဘော ကျနေသေးတယ်။ ငါ့အလှည်မှာလည် ဒီလိုမျိုးလေး လုပ်ရင် ပိုကောင်း မယ် ထင်တယ်လို့ တွေးမိသေးတယ်။ ဘုရားသခင်သာ သိတော်မှုမယ့် ကျွန် တော် အလှည့်ကို တွေးရင်းနဲ့ ရင်မော မိတယ်။ ကျွန်တော်က အချစ် ဆိုတာ ကို အရာအားလုံးထက် တန်ဖိုး ထား တတ်သူ တစ်ယောက် ဖြစ်ခဲ့လို့လား မသိဘူး ။ အချစ်ကို လိုက် ရှာခဲ့လို့ အချစ်ကို ကျွန်တော် မတွေ့ဘူးဖြစ်နေ ခဲ့တယ် …
အချစ်ဆိုတာ ဘယ်လိုမျိုးလည်းဗျာ လို့ ဒီအသက်အရွယ်ရောက်မှ မေးရင်လည်း သူများလှောင်တာကို ခံရပေတော့မယ်…

(၃)
ဟိုတွေး ဒီတွေးရင်းနဲ စိတ်က အတွေးနောက်ရောက်တတ်ရာရာလွင့်နေတုံး ကျွန်တော်သူငယ်ချင်း စုံတွဲခန်းမထဲကို ၀င်လာတယ်။ ပြုံးဖြဲဖြဲ နှင့် ခန့်ခန့်ကြီး လိုက်ဧည့်ခံနေတဲ့ ကျွန်တော်သူငယ်ချင်းကို အဝေးကနေ ကျွန် တော် လက်ပြနှုတ်ဆက်လိုက်မိတယ်။ ဒီကောင် ဒီလိုဆိုတော့လည်း လူ ကောင်း သူကောင်းပုံစံဘဲ ။ ဟိုတုံးကနဲ့ တော့ နည်းနည်းလောက် ကွာ နေ တယ် ။ ဒီကောင်အရင်ပုံတွေကိုသာ မြင်ရင် ဒီမိန်းခလေး လက်ထပ်ပါ မလား မသိဘူး။ ကျွန်တော်တို့ က ဆိုးဖော် ဆိုးဖက် သူ့အကြောင်းကိုယ်သိ ကိုယ့် အကြောင်းလည်း အူဘယ်နှစ်ခွေရှိသလည်းဆိုတာ သိနေကြာတာကို။ ကောင်မလေး ကိုတော့ ကျွန်တော်မသိပါဘူး။ ဒီကောင်ဘယ်ကနေ တွေ့သွား သလည်း မသိဘူး ဒါမျိုးကျတော့ ဒီကောင်အသံတောင်မထွက် ဦး ထား ခဲ့ တာကို…


(၄)ကျွန်တော်ရှေ့တော်မှောက် အရိပ်တစ်ခုရောက်လာတယ် ။ အဲဒီအရိပ်က စကားတစ်ခွန်းပြောလိုက်တဲ့ အချိန်မှာတော့ ကျွန်တော် လေဟာ နယ် ထဲ ကနေ လွင့်ထွက်သွားခဲ့တယ်။ ငြိမ်ငြိမ်သက်သက် တည်တည်ငြိမ်ငြိမ်ပါဘဲ လေပွေတစ်ခု ကျွန်တော် ရှေ့တော်မှောက် နုနုဝါ၀ါ အချိတ်ဆင်လေးကို ပုဝါလေး ခြုံလို့ ရိုးစင်းတဲ့ ပန်းခက်ကလေးတွေ အနားသတ်အလှဆင်ထားတဲ သူမ ကိုယ်က တောက်ပမှုတစ်ခု အရှိန်အ၀ါတစ်ခုခု ရှိနေတယ်လို့ ကျွန် တော် ထင်လိုက်မိတယ်။ သူမကသိပ်ချောမောသူတော့မဟုတ် ညိုတိုတို ကြည့်ကောင်းရုံလေး တစ်ယောက်ပါဘဲ။ ရင့်ကျက်တည်ငြိမ်မှုကို ကျွန် တော် သူမမျက်နှာပေး လေးမှာ ရှာတွေ့တယ်။ သူမမျက်ဝန်းတွေက ကိုယ့်ကိုကိုယ် ယုံကြည့်မှု အပြည့် ရှိတဲ့ မျက်လုံးမျိုးတွေ နဲ့ သူမက ဒီခန်းမထဲ အထင်ရှားဆုံးဖြစ်နေတဲ့ အသက်သုံးဆယ် ၀န်းကျင် သတိုးသမီးလေး ပါဘဲ ။
မိတ်ဆွေတွေကို တစ်ယောက်ချင်း လိုက်လံနှုတ်ဆက်ရင်း ထိုင်နေတဲ့ ကျွန်တ်ာကို သူမပြုံးပြုံးလေး စကားတစ်ခွန်း ဆိုပါတယ်။
ကို….ဘယ်သူဟုတ်ပါသလား ကျမ …..ဘယ်သူပါဆိုပြီး မိတ်ဆွေ တစ် ယောက် ကို လာနှုတ်ဆက်သလို့ လာနှုတ်ဆက်ပါတယ်။ သူမက ကျွန်တော် ဒီ မင်္ဂလာ ဆောင် ကို လာမယ်ဆိုတာကို လည်း သိပါတယ်တဲ့။ တွေ့ရတာ ၀မ်းသာပါ တယ်လို့ သူမက ဆိုပါတယ်။ သာမှန်မိတ်ဆွေတစ်ယောက် ကိုယ့် မင်္ဂလာဆောင်ကို လာအားပေးတဲ့အတွက် နှုတ်ဆက်တဲ့ အပြုံးလေး သူမနှုတ်ခမ်းပေါ်မှာ တပ်လို့ သူမက လာနှုတ်ဆက် သွားပါတယ်။

(၅)
တစ်ချိန်တုံးက အသွင်တစ်မျိုးနဲ့ သူမကို ကျန်တော်ရှင်းနှီးခဲ့ဖူးတယ် ။ ဒါပေမယ့် ကျွန်တော်တို့ မော်နီတာ မျက်နှာပြင် တစ်ဖက်စီမှာနေရင် တွယ်တာခဲ့ဖူးတယ်။ သူမ ပုံရိပ်တွေကို ကိုယ်ထင်သလို တွေးရင် ကျွန်တော်တို့စကားတွေ ပြောခဲ့ကြတယ်။
ကျွန်တော်က သူမကို ရပ်အရှည်ကြီးလို ပိန်ပိန်ပါးပါး မိန်းကလေး တစ် ယောက် လို တွေးကြည့်ဖူးတယ်။ ၀၀ကစ်ကစ် ပုပုလေးလို့လည်း ပုံဖော် ကြည့်မိပြန်တယ် ။တကယ်လို့ အလွန်လှပတဲ့ မိန်းကလေး ဖြစ်နေမယ်ဆိုရင် ကျွန်တော် ရင်ခုန်ရပြန်တယ်။ ဒါမှမဟုတ်ဘဲ သူမ မျက်နှာ ကို လုံးဝမပြချင် ရအောင် ရုပ်ကြမ်းကြီးများ ဖြစ်နေလေမလားလို့ ကြေကွဲဖူးခဲ့တယ်။ ဒါတွေက သူမဆိုတဲ့ ကျွန်တော်သိတဲ့ သူမ သို့မဟုတ် ကျွန်တော်တွယ်တာခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက် ပါ။ ဘာအရောင် ရောသက်မှုမှမရှိတဲ့ သူမ၏ စကား လုံးများကို ကျွန်တော်လေးစားခဲ့ပါတယ်။ ဘယ်ဆီ ဘယ်အရပ် ဘယ်နေရာ မှာတဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်တော်တွေ့ဆုံးနေသလည်း ကျွန် တော်လုံးဝမသိခဲ့။ ကျွန်တော်သိခဲ့တာက ကျွန်တော် အင်တာနက်ပေါ်ကို ရောက်လာလို့ သူမအကောင့်လေး စိမ်းနေခဲ့မယ် ဆိုရင် အဲဒီအချိန် အခိုက် အ တန်းလေးအတွက် ကျွန်တော်ကျေနပ်နေခဲ့တယ်။ ဘယ်သူ ဘယ်ဝါ အ သက်ဘယ်လောက် ဆိုတာကို ကျွန်တော်မသိဘူး ။ ဒါပေမယ့် လတ်တ လော သူမလုပ်နေတာလေးတွေကိုတော့ သူမပြောပြတတ်ပါတယ်။ ကျွန် တော်ရဲ ရှည်လျားထွေပြားလှစွာသော မေးခွန်းများအားလုံးကို သူမက တိတ် ဆိတ် စွာ တုံ့ပြန်တတ်ပါတယ်။ ကျွန်တော်ရဲ့ သွယ်ဝိုက်တဲ့ မေးခွန်းတွေကို လည်း တည့်တိုးပြန်မေးတဲ့ မေးခွန်းတွေနှင့် ဖျက်သိမ်းတတ်ပါတယ်။ ကျွန်တော်ရဲ့ တောင်းပန်အသနားခံတဲ့ စကားလုံးများကိုတော့ အားနာသမှု လေးနက်တဲ့ အတွေးတွေကို ချပြကာ သူမ လိုရာဆီကို ခေါ်ယူသွား တတ် ပါတယ်။

သူမကပြောဖူးတယ် ဘ၀ဆိုတာ ဒေါသတွေကို မျိုသိပ်ခြင်းတဲ့..
သူမကပြောဖူးတယ် အချစ်ဆိုတာ ၀တ်ရုံအသစ်လဲချုပ်လို့ ရတဲ့အထည်စ တစ်မျိုးပဲတဲ့ ...
သူမကပြောဖူးတယ် ရင်ခုန်သံတွေကို မယုံဘူးတဲ့ မ နက်ဖြန်မှာ နောက်တစ်မျိုးခုန်နေတတ်လို့တဲ့ ...
သူမကပြောခဲ့တယ် ...အ ဟောင်းဆိုင်ထဲက သမိုင်းဆိုတာ သူမသိပ်ချစ်တဲ့ ၀ိညာဉ် တစ်ခု ပဲ တဲ့ …
သူမကပြောဖူးတယ် အလုပ်ချင်ဆုံးက အလုပ်တစ်ခုကိုပြောပါဆိုရင် ဗယ်ဆင့်ဘင်ဂိုး ကို ညစာ ထမင်းဝိုင်းလေး တစ်ခုလောက်တဲ့ သူစားချင်တာတွေကို စိတ်ကြိုက်စားသွားစမ်းပါစေတဲ့…
သူမကပြောဖူးတယ် စိတ်ကြိုက် အလုပ်ချင် ဆုံးအလုပ် တစ်ခု က နိုင်ငံရေး ဘာသာရပ်ကို အပူအပင် ကင်းစွာ လေ့လာသင် ကြားချင်တယ် တဲ့..ဒါပေမယ့် သူမငွေရှာလွယ်တဲ့ ဘာသာရပ်ကို လေ့လာနေပါတယ်တဲ့..
သူမကပြောတယ် ပန်ချီကားတစ်ချပ်ကို အလိုရှိတာမဟုတ်ဘူး ပြတိုက် တစ်ခုလိုချင်တာတဲ့ ..
သူမကပြောဖူးတယ် စာရေးဆရာကြီးပေါင်းများစွာကို အိမ်တစ်အိမ်မှာ အ ခန်းတစ်ခန်းစီပေးကာ ထားချင်တယ်တဲ့ … သူမကတော့ ဒီကမ္ဘာကျော် နိုင်ငံကျော်ကြီးတွေကို ပို်င်တဲ့ အိမ်ပိုင်ရှင်မကြီး လုပ်မယ်တဲ့…


(၆)
ကျွန်တော် သိခဲ့တဲ့ သူမက ကျွန်တ်ာကို အဲဒါတွေ ပြောပြခဲ့တယ်။ ကျွန်တော်သိတဲ့ သူမက လက်ပေါက်ကတ်ကတ် သာမန် မဟုတ်တဲ့ မိန်းကလေး တစ်ယောက်လို့ ထင်ခဲ့ဖူးတယ်... ကျွန်တော်သိတဲ့ မိန်းကလေး က ခန့်မှန်းရခက်တဲ့ စကားလုံးတွေ ပြောတတ်တယ်…သူမနာမည် အရင်း ကို တောင် သူမက ပြောပြမသွားခဲ့ပါဘူးဗျာ… ဟောဒီအင်တာနက် ရွာကြီးထဲ က သမီးပျိုး လေးတစ်ယောက် အဖြစ်သူမက ရှိချင်တယ်တဲ့ ဗျာ … လက်တွေ့ကို ရင်မဆိုင်နိုင်တဲ့ အချိန်တွမှာ သူမ ဒီရွာကို အလည် လျှောက် သွားနေတတ်ပါတယ်တဲ့ … သိပ်ကိုကျယ်ပြန်တဲ့ စာအုပ်တွေ မိတ်ဆွေတွေ အလှတရားတွေ အသိတရားတွေကို သူမအပျင်းပြေ ခြေဆန့်ပေမယ့် သူမက တကယ့် လက်တွေ သမား စစ်စစ် သင်္ချာညဏ်သိပ်ကောင်းတဲ့ မိန်းကလေး တစ်ယောက်လို သူမပြောပြသွားခဲ့ဖူးတယ်…
ဒါပေမယ့် စကားတစ်ခွန်း နဲ့ ကျွန်တော် ရင်ဘတ်တွေကို ယူသွားခဲ့ဖူးတယ် … တစ်နေ့ ကျွန်တော်တို့ အပြင်မှာ မိတ်ဆွေတွေလိုတော့ တွေဆုံချင်ပါသေး တယ် …


(၇)

ကျွန်တော်ဆီကို ဖိတ်စာတစ်စောင်ထပ်ရောက်လာပြန်တယ်။ သေသေသပ်သပ်လက်ရေးတွေက ကျွန်တော်မသိတဲ့လူတစ်ယောက်မှန်း သေချာတာမို့ စိတ်ဝင်တစား ကျွန်တော်ဖောက်ဖတ်လိုက်တယ်။ အထဲမှာ အဖြူရောင်ရိုးရိုးလေး မင်္ဂလာဖိတ်စာ လေး တစ်စောင့် ။ တပတ်တိတိ နောက်ကျစွာ ရောက်လာခဲ့တဲ့ စာအိပ်လေးက သတိုးသမီး ၀တ်ရုံနှဲ့ ပြုံးပြုံးလေးလာ နှုတ်ဆက်သွားသော သူမ၏ မင်္ဂလာဖိတ်စာလေးပါ။ ကျွန်တော် ဘယ်တုံးကမှ မသိခဲ့တဲ့ သူမ.... နာမည်လေးကို ကျွန်တော် အသံမထွက်ဘဲ ဖတ်မိလိုက်တယ် ။ သူမ ကျွန်တော်ကို တွေ့ဖို့ အတွက် ဖိတ်ကြားခဲ့ပါသတဲ့ ...

သင်းကွဲငှက်၏ ရာဇ၀င်သစ်

သူက
လောက၏တေးကဗျာတစ်ပုဒ် ဖြစ်တယ်..
လောကအတွက် တေးကဗျာ ဖန်ဆင်းပေးသူလည်း ဖြစ်တယ်...
သူက သူ၏ကျော်ကြားစေသူ
သူက ကျော်ကြားခြင်းအောက်၌ လည်စင်းကျဆုံးသူ...
သူက လောက၏ အသည်းနလုံးတစ်ခု
လောကသည် သူအတွက် အသည်းနလုံးဖြစ်ခဲ့သူ...


သူက
ကြိုးကြာငှက်၏ အသည်းနှလုံးနှင့် ဥဒေါင်းငှက်တို၏ ၀ိညာဉ်ဝင်စားသူ
ဂီတမှော်ကြိုးတို့၏ ဆုံမှတ်တို့ဖြစ်သလို
အနုပညာဇျာန်ဝင်စားသူတို့၏ နလုံးသည်းပွက်ခြေရာစုလည်းဖြစ်တယ်...
အာရုံဦးလေညုင်းနှင့် ညနေစောင်းဆည်းဆာမှာ ကဗျာတေးဖွဲလိုသူ
ပန်းပွင့်၏မျက်ရည်နှင့် ကိုယ်လက်သန့်စင်ပြီး
သူ၏သွေးဖြင့် တေးသွားများအား သစ်လွင်တောင်ပြောင် ရှင်သန်စေသူ…


သူလက်ပေါ်မှာ
မသွေးဘဲ လက်တဲ့စိန်သွားတစ်လက်၊
စကားလုံးတိုပျိုမျစ်သစ်နေတဲ့
အသစ်စက်စက် အဘိဓါန်တစ်အုပ်၏ ပထမစာမျက်နှာ ရှိတယ်…

သူအသံမှာ
ကာရံတို့ကွန့်မြူးတဲ့ တေးချိုချိုတစ်ပုဒ်၊
သူဆုတောင်းထဲ ဂီတတို့ အံကျနေတဲ့ နတ်စောင်းတစ်လက်
အမြဲစဉ်းချက်မှန်သော သင်းကွဲငှက်တစ်ကောင်၏ ရင်ကွဲသံအက်အက်...


သူရင်ဘတ်မှာ
အက်ဆစ်တိုရွာသွန်းနေတဲ့ လွမ်းခြင်းတစ်ခုနှင့်
နှလုံးသားက စကားလုံးတို့စွင့်ကားတဲ့ ပန်းတစ်ခင်း
အတောင်တစ်စုံ မနားတမ်း ရိုက်ခတ်ခံနေရသည့်
ဒဏ်ရာသင်္ချိုင်းပျက်တစ်ခု၊
နာရီတို့မေ့လျှောနေသော စည်းချက်မမှန်တော့သည့်
ရင်ခုန်သံအနွမ်း ခုန်သံများဖြင့် …



သူနာမည်အား
သမိုင်း၌တည်ခင်းသော နောက်ဆုံးစာမျက်နှာအဖြစ်
မှတ်ကျောက် အက္ခရာထွင်းတဲ့ ခေတ်တစ်ခေတ်၏ သူရဲကောင်းဖြစ်စေတယ် …


သူကသူ၏ ရှုံးကို ကို စားသုံးသူ
သူနေ့ကို ဆင်းရဲခြင်းအတိဖြင့်စတေးသူ
ဘ၀ကို ရက်ရောစွာ သီချင်းကြားထဲ ပေးဆပ်သူ…
သူကသူ၏ ထွန်းညီုးလောင်းကျွမ်းခံ
သူကသူ၏ ကျေးကျွန်တစ်ယောက်
သူကသူ၏ သွေးစက်ကိုပျော်မွှေ့စုပ်ယူရာ အရီုးစု…

လူသားတို့ယစ်မှူးတဲ့ သူတေးသွားမှာ
ပဉ္စလက်နလုံးသားတို့ အင်းအားလောင်စာကုန်နွမ်းလည်း
မတူညီတဲ့အလျှော်အစားတစ်ခု မှန်း သူမသိခဲ့၊
နလုံးသားဖြင့်ရေးသော သီချင်းပေါင်းများစွာ သူဖန်ဆင်းပေးခဲ့တယ်။


သြဂုတ်လ၏ မိုးရေစက် တစ်ချို့
လောက၏ မျက်ရည် သစ်များစွာ
ဂါရ၀ ဦးညွတ်ခြင်းတို့
ခြွေယူသိမ်းပိုက်လျှက် `လွတ်မြောက်ခြင်းကောင်းကင်ဆီ´
စကားလုံးများ မရှိတော့သော တစ်နေ့
သူ လောကကိုစွန့်ခွာသွားခဲ့တယ်။



(ကိုငှက် အလွမ်းပြေ အမှတ်တရ ၊ ညဏ်စွမ်းသလောက် ဂုဏ်ပြုခြင်းဖြစ်ပါသည်။ ကဗျာဟောင်းလေး တစ်ပုဒ်ကို ပြန်လည် အသက်သွင်းခြင်း)
မယ်မဒီ

Thursday, August 6, 2009

အေးစက်ခဲ့သော မျက်ရည်များ



နှင်းတောကြားထဲ ငါနှင်းလျှောက်တုံး
ငါ…မျက်ရည်တစ်ပေါက်
ခဲ့အေးတဲ့ နှင်းတစ်စက် ဖြစ်ခဲ့ဖူးတယ် …

မိုးစက်ကြားထဲ ဆွေးမြေ့ခြင်းတို့
ရေစီးကြောင်းထဲ ရောထွေးခက်ထန်တဲ့ ရေလှိုင်းတို့ ဖြစ်ခဲ့ဖူးတယ်…

ပူလောင်မှုထဲ ငါ့မျက်ရည်တို့
ခမ်းခြောက်သွားတဲ့ မြစ်ငယ်တစ်စင်း ဖြစ်ခဲ့ရပြန်တယ်…

ပျော်ပါရဲ့လား ချစ်သူ
အချစ်ဆိုသော မှော်တစ်လက်
ငါ့ရင်ဘတ်ထဲ အသွင်းခံရပြီးနောက်
ငါ့ ဆုံးဖြတ်ချက်တို့ ခဏခဏအသစ်လှဲတတ်နေပြီ…

ဆုံမှတ်နှစ်ခု မတူတဲ့အရပ်က
မုသားမကင်းသော
အေးစက်တဲ့ စကားလုံးတွေကို ၀င်ရိုးစွန်းတဖက်က
ယုံကြည်ခြင်း တစ်ဝက်ဖြင့်
မဆုံနိုင်ခြင်း၏ အဓီပါယ်ကို ငါနားလည်ခဲ့တာကြာလှပြီ …

ပျော်ပါရဲ့လား ချစ်သူ
လှောင်ရယ်သံကြားထဲ
လက်ခုပ်သံမပါတဲ့ ဆုံစည်းခြင်းကြားမှာ
အချိန်တို့ ခုတော့ စကားပြောကြပြီထင်တယ် …

လူတန်းစားမရွေးတဲ့ ချစ်ခြင်းမှာ
ဒါဏ်ရာတွေ ငါရင်ဘတ်မှာ ခုတ်ရာချင်ထပ်
မျက်ရည်တစ်စက် တန်းဖိုး မသိတဲ့ မင်းကိုမှ
ချစ်မိခဲ့လေတော့ …
ငါ့မျက်ရည်တစ်စက်က
ချစ်သူပျော်ဖို့ အခြွေတော် ။

မယ်မဒီ
၆.၈.၂၀၀၉

လွန်ခဲ့ နှစ်အနည်းငယ်မှ ကဗျာလေးတစ်ပုဒ်အား စုစည်းခြင်း